Friday, June 8, 2007

စိမ်းကားစရာမလိုတော့ဘူး




ဒီကဗျာလေးက အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲမှာ အဖွင့်ကဗျာ အနေနဲ့ ရွတ်ဆိုသွားတဲ့ ကဗျာလေးပါ
ဇော်သက်ထွေး ရေးသားပြီ
ရီဝေရံ နဲ့ ချောအိအိသိန်းတို့ က ရွတ်ဆိုခဲ့ကြတာပါ


စိမ်းကားစရာမလိုတော့ဘူး

ကျွန်တော်တို့ စိမ်းကားစရာ မလိုတော့ဘူး
ကံကြမ္မာဆီက တရားသဖြင့်ကိုလုယူဖို့
အဖြူရောင် သက်တံဟာ ဆက်လက်ထွန်းခဲ့ပြီ

ကျွန်မတို့ စိမ်းကားစရာ မလိုတော့ဘူး
ငိုကြွေးတယ်ဆိုတာ လူသားတွေရဲ့ အရှုံးခံအလုပ်သက်သက်မဟုတ်ကြောင်း
သက်သေပြဖို့ အဖြူရောင်သက်တံကို ကောင်းကင်မှာ ချိတ်ဆွဲခဲ့ပြီ

လွန်ခဲ့တဲ့ ရက်ပေါင်း ၄၀၀ က သက်တံဟာ ပြောခဲ့တယ်
လူတို့ ကြယ်တို့ ကလေးတို့ လင်းလက်ဖို့
မေတ္တာရောင်ပြန် လိုတဲ့အကြောင်း

လွန်ခဲ့တဲ့ ရက်ပေါင်း ၄၀၀ က သက်တံဟာ ပြောခဲ့တယ်
ဘ၀ဟာ ကိုယ့်အတ္တအတွက် သက်သက်
ချစ်ဖို့ မဟုတ်တဲ့ အကြောင်း

လွန်ခဲ့တဲ့ ရက်ပေါင်း ၄၀၀ က သက်တံဟာ ပြောခဲ့တယ်
လူဟာ ကောင်းတယ်ဆိုတဲ့ အမြင် မှန်ကန်ကြောင်း

လွန်ခဲ့တဲ့ ရက်ပေါင်း ၄၀၀ က သက်တံဟာ ပြောခဲ့တယ်
စနစ်တကျ စီထားတဲ့ ၀ါကျတွေထက်
နွေးထွေးတဲ့ လက်ဖ၀ါးတစ်စုံ လိုအပ်တဲ့အကြောင်း

လောကမှာ ဘယ်ပုံဘယ်နည်း နေထိုင်ပါလို့
မာသာထရီ က မှာမသွားဘူး
ဘယ်လို ပေးဆပ်ရမယ် ဆိုတာပဲ ပြသသွားခဲ့တယ်

လူတွေကို ဘယ်လိုရက်ရက်စက်စက် မုန်းတီးရမယ်လို့
မဲလ်ကွန်အိတ်စ် က လှုံ့ဆော်မသွားဘူး
ဘယ်လိုချစ်ရမယ် ဆိုတာပဲ သင်ကြားခဲ့တယ်

ဒီလိုနဲ့ ခံနိုင်သမျှ ၀န်ကို သယ်ပိုးရင်း
သက်တံ တစ်စင်းရဲ့ ရေးထွင်းခြင်းခံရသူတွေဟာ
နတ်ဝင်ပူးသလို
စာနာမှုတွေနဲ့ ရူးခဲ့တယ်

ဒီလိုနဲ့ မေသက်နွယ်ကို ဒုက္ခတောထဲက ဆွဲထုတ်နိုင်ခဲ့ပြီ

ဒီလိုနဲ့ မြနဒီလည်း ရယ်စရာမောစရာတွေ ပြောနိုင်ခဲ့ပြီ

ဒါဟာ
လောကရဲ့ နှလုံးသားကို ပွင့်ဝေစေတဲ့ ဂီတတစ်ခု

ဒါဟာ
လူ့ဖြစ်အင်ကို ပြန်သတိရစေတဲ့ စေ့ဆော်မှုတစ်ခု

ဒါဟာ
လောကကို ချစ်ဖို့ အခွင့်ရေးတစ်ခု

ဒါဟာ
လူ့အဖွဲ့စည်းရဲ့ ထွန်းကားတဲ့ ယဉ်ကျေးမှုတစ်ခု

အမျိုးကောင်းသမီးတို့ ပခက်လွဲသောလက်တို့
သောကတွေ ကြောက်ရွံ့ခြင်းတွေ စွန့်ပစ်ပြီ
သက်တံ့ပေါ်မှာ လျှောက်ခဲ့ကြ
ကျွန်မတို့ စိမ်းကားစရာ မလိုတော့ဘူး

အမျိုးကောင်းသားတို့ လူကြီးလူကောင်းတို့
မာန်တွေကို ပစ်ချပြီး
သက်တံတတားပေါ် လှမ်းခဲ့ကြ
ကျွန်တော်တို့ စိမ်းကားစရာ မလိုတော့ဘူး

မေတ္တာတရားကို ရင်ဘတ်နဲ့ ထွန်ယက်စိုက်ပျိုးဖို့
လာသွားစို့

အပြစ်မဲ့ ရင်ခွင်တွေဆီ အကြင်နာ မျိုးစေ့ကြဲဖို့
လာသွားစို့

ဘ၀ဆိုတာ ဓါးတစ်လက်ရဲ့ အရောင်လို
ဖျတ်ကနဲ လက်ပြီးကွယ်ပျောက်သွားရင်တောင်
ဘယ်နေပူပူ ဘယ်မိုးရွာရွာ လာသွားစို့

ကျွန်တော်တို့ စိမ်းကားစရာမလိုတော့ဘူး

ကျွန်မတို့ စိမ်းကားစရာ မလိုတော့ဘူး

No comments: