Sunday, June 17, 2007

အဖြူရောင် သက်တံ အဖွဲ့ဝင်များ

စောဝေ၊ အောင်ဝေး၊ ဇော်သက်ထွေး၊ စန်းဦး၊ ကျော်စိုးဝင်း၊ မြင့်မိုးအောင်၊ နေမျိုးဆေး၊ မောင်နီဦး၊ မင်းထက်မောင်၊ မိုဃ်းဇော်၊ ချမ်းဟိန်းကြွယ်၊ ချောအိသိမ်း၊ ဆန်းထွဋ်၊ သိမ်းတင်သား၊ မအိ၊ လွင်မိုး၊ လီယိုနာဒ် မောင်မောင်လွင်၊ မာဂျေ၊ မောင်မောင်ဇော်လတ်၊ ဒေါက်တာမြတ်နီလာစိုး၊ အယ်လွန်းဝါ၊ မင်းမော်ကွန်း၊ ရဲလေး၊ ဟက်ကက်၊ မိုးမိုး၊ သျှီ၊ ငယ်ငယ်၊ ဂျွန်၊ ပုလဲဝင်း၊ ဇင်ဇင်ဇော်မြင့်၊ နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆုကဗျာ၊ သင်ဇာဝင့်ကျော်၊ ရာဇာနေ၀င်း၊ အိရူပါဝင်း၊ ချစ်ဆုဝေ၊ ချစ်သုဝေ၊ ကိုင်ဇာတင်မှုံ၊ ချစ်ဝင်းမောင်၊ လွတ်လပ်အိမ်၊ ခိုင်ချို၊ ဧထက်၊ ညီပုလေး(မန္တလေး)၊ ဇော်ခိုင်ဦး၊ မျိုးမင်းမင်း၊ သင့်နော်၊ ကျော်ရင်မြင့်၊ ချောအိမာန်(မန္တလေး)၊ ဒေါက်တာဖြူဖြူဝင်း၊ မောင်သူရ(ဇာဂနာ)၊ ဟန်ဇာမိုးဝင်း၊ ရသ၊ စိုးသော်တာ၊ ခိုင်ဇော်၊ ၀ိုင်းစုခိုင်သိန်း၊ ကိုသက်(တောင်ငူ)၊ တင်မိုးလွင်၊ အာကာဒိုဒို၊ နန္ဒစိုင်း၊ ငွေစင်သွန်း၊ မောင်မောင်အေး၊ အောင်မြတ်သာ၊ ဇင်းဇင်၊ဆွိဝတ်ရည်သောင်း၊ ဇင်မင်းခိုင်၊ ဇေဇေ၊ ရီဝေယံ၊ ရွှန်းစိမ့်စိမ့်၊ နိုင်ငံငြိမ်းအေး၊ လမင်းဝေး၊ စိုင်းစိုးကြည်၊ စန္ဒီမြင့်လွင်၊ ဟန်ထူးလွင်(Big Bag)၊ ငြိမ်းအေးအိမ်၊ နိုင်ဇော်(Lazy Club) ၊နိုင်ကျော်၊ အိန္ဒြာ

အဖြူရောင်သက်တံ ၏ သတင်းထုတ်ပြန်ချက်

အချစ်ဂျာနယ်နှင့် လျှပ်တစ်ပြက်ဂျာနယ် တွင် မိဘမဲ့ကလေးများ ရန်ပုံငွေပွဲများ ကျင်းပ၍ ငွေကြေးအလွဲ သုံးစားမှုများ ရှိနေဆိုသော သတင်းနှင့် ပတ်သက်၍ အဖြူရောင်သက်တံသို့ ဖုန်းဆက်မေးမြန်းသူများ ရှိပါသည်။
အဖြူရောင်သက်တံသည် ကျင်းပသည့် ပွဲလမ်းအားလုံးကို အဖွဲ့ဝင်များ၏ကိုယ်ပိုင် ငွေကြေးဖြင့် ကျခံသုံးစွဲခြင်းသာ ဖြစ်ပြီး ပွဲကျင်းပနေစဉ် အတွင်းမှာပင် ရရှိသော အလှုငွေများကို လက်ခံမည့် အဖွဲ့အစည်းများသို့ တစ်ခါတည်း လွဲပြောင်း လှုဒါန်းပါသည်။ အလှုငွေများ ပေါ်မှ စရိတ်စက သုံးစွဲခြင်း လုံးဝမရှိပါ။ အနုပညာရှုင်များ၏ မွန်မြတ်သော စိတ်ဓာတ်ဖြင့် ကိုယ်ပိုင် ငွေကြေးနှင့် အချိန်ကို စိုက်ထုတ် ပြီး စုပေါင်းဆောင်ရွက် ခြင်းသာဖြစ်ပါသည်။ အရှုပ်အရှင်း ဖြစ်သောအဖွဲ့မှာ After love ဖြစ်ပါသည်။
အလားတူ MiddleLine ဂျာနယ်တွင်လည်း ကဗျာရွတ်ဆို အလှုခံခြင်းအပေါ် ရှုံ့ချ ရေးသားထားသည်ကို တွေ့ရပါသည်။ အလှုရှင်များ အနေဖြင့် သဒ္ဓါပေါက်သည့် အချိန်တွင် လှုဒါန်းခြင်း ဖြစ်ပြီး အဖြူရောင်သက်တံမှ မိမိတို့ ကျင်းပသည့်ပွဲများတွင် ထိုအလှုရှင်များကို ဖိတ်ခေါ် ဂုဏ်ပြုခြင်းသာ ဖြစ်သည်။ မိမိတို့ အဖွဲ့အပေါ် မည်သို့သော တိုက်ခိုက်မှုများ ရှိစေကာမူ မိမိတို့ ရည်ရွယ်ချက် အတိုင်း မိဘမဲ့ကလေးများ၏ နေထိုင်ရေး၊ စားဝတ်နေရေး၊ ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အတွက် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ။

Wednesday, June 13, 2007

ကဗျာရွတ်သံနားဆင်နိုင်ပြီ

အခု အဖြူရောင် သက်တံ ဘလော့ဂ်လေးမှာ ကဗျာရွတ်သံကို နားဆင်လို့ရပါပြီ။ အခုလက်ရှိ တင်ထားပေးတာက အဖြူရောင်သက်တံ ကဗျာရွတ်ပွဲမှာ အဖွင့်ကဗျာ အနေနဲ့ ရွတ်သွားတဲ့ ဇော်သက်ထွေး ရဲ့ စိမ်းကားစရာ မလိုတော့ဘူး လို့အမည်ရတဲ့ ကဗျာလေးပါ။ နောက်ဆိုရင် တခြားကဗျာတွေကိုပါ ဆက်ပြီး တင်သွားမှာ ဖြစ်ပါတယ်။
အခုလို ကဗျာ ရွတ်သံ တင်လို့ ရအောင် အဖက်ဖက်မှ ကူညီပေးကြတဲ့ ကိုချမ်းမြစိုး ကိုဖြိုး နဲ့ ဘာညာဘာညာ တို့ကို အထူးပင် ကျေးဇူးတင်ရှိ ပါကြောင့် အဖြူရောင်သက်တံ ဘလော့ဂ်က မှတ်တမ်းတင်အပ်ပါတယ်။

Monday, June 11, 2007

အလူငွေလက်ခံစဉ်

ဆွိဝတ်ရည်သောင်း ၊ ချစ်သုဝေ

အသိုက်မဲ့ မာန

လမ်းခုလတ်တွင်
ထင်းရှူးကိုင်းပြတ်
ချိုးဖြတ်ပင်စည်
လေနီမွှေနောက်
ပင်အောက်ကပ်ခို
ဖြစ်သလိုပဲ

မိုးစက်အပ်ဖျား
လျှပ်လက်မြားဒဏ်
လူးလိမ့်ခံလိုက်
တောင်ပံရိုက်ခတ်
ပင်လယ်ဖြစ်စဉ်
လှိုင်းခေါင်းမြင်မိ
ခွန်စိုက်ချည့်နဲ့
နွမ်းယဲ့မူးမော
သောကတနင့်
နားခွင့်မကြုံ

ရက်စက်ပြီလေ
လွင်ပြင်ရေခဲ
တောမှာလည်း . . . နှင်း
တောင်မှာ . . . နှင်း . . . နှင်း
မြေ၀ပ်ကျင်းထဲ
ဖော်ကွဲငှက်ငယ်
ဒဏ်ရာသင့်ရက်များ

တမ်းတချင်မိ
တရှိုက်မက်မက်
အသိုက်နှင့်နေ
အဆွေခင်ပွန်း
ချစ်ကြင်လွန်းသမျှ
ကာလငယ်တစ်ခု
ပူမှုတစ်သက်
ပေးရက်လေသလား

လောကဓံတရား . . . တဲ့လားရှင်
အချစ်ကမ်းပါးပျက်ပြို
နားခိုရန်အတွက်
ရင်ခွင်ဝေးငှက်
သွေး . . . အစက်စက်
ဆွေးရတက်ပွေလည်း

နေ . . . နေရပြီ
လေဆန်ခရီး
တစ်ကိုယ်တည်းပ
မာနအတောင်
အရောင်မွဲလည်း
သခင့်ကိုယ်စား
အင်အားစုစည်း
ခရီးဆက်လက်
ငါ့မျိုးဆက်သစ်အတွက်ပေါ့ကွယ်
အထောင်တစ်ဝက်နဲ့ ဖြစ်ပါစေ . . . .

မအိ

Sunday, June 10, 2007

အလှုပစ္စည်းပေးအပ်စဉ်

Saturday, June 9, 2007

ဟန်ထူးလွင်



ဟန်ထူးလွင် ရဲ့တင်ဆက်မှု

ပြေး HIV ပြေး

HIV . . .
အာဖရိကမှာ ၊ အမေရိကမှာ
ဥရောပမှာ အာရှမှာမင်း
အလည်လွန်နိုင်လွန်း
ဒါပေမယ့် ငါတို့ဆီတော့ မလာခဲ့နဲ့
ငါတို့က မျက်ရည်တောင် ချွေတာသုံးနေရတာ
ပြေး HIV ပြေး

သမီးလေးရယ်
ပေါ့စတစ်တဲ့လား
သားလေးရယ်
ပေါ့စတစ်တဲ့လား

ကျွန်မကြောင့် အမေကြောင့်
ဆရာဝန်ကြီးရယ် အဲဒီပိုးတွေ
သားနဲ့သမီး ဆီကနေ
အမေ့ကိုယ်ထဲကို ပြန်ထည့်လို့မရဘူးလား

အနာမဲ့သူ သျှင်ပါကူတဲ့
အရှင်ဘုရားရယ် ဒီဆေးရုံမှာ
တစ်ဆူပွင့်တော်မှုပါ
ပြေး HIV ပြေး

ကျောင်းမှာ ဒီကောင်နဲ့ မပေါင်းနဲ့
ကျောင်းမှာ ဒီကောင်မလေးနဲ့ မပေါင်းနဲ့
အလုပ်ထဲမှာ ဒီကောင်နဲ့ မပေါင်းနဲ့
ကုမ္ပဏီရုံးခန်းမှာ ဒီကောင်နဲ့မပေါင်းနဲ့
စားသောက်ဆိုင်မှာ အဲဒီကောင်နဲ့မပေါင်းနဲ့
ရပ်ကွက်ထဲမှာ. . . . မပေါင်းနဲ့
အနုပညာလောကမှာ . . . . မပေါင်းနဲ့
လူ့လောကကြီးမှာ. . . . . မပေါင်းနဲ့
လူတွေကို လူတွေက
ကျဉ်မထားကြပါနဲ့
.... မလုပ်ကြနဲ့ . . . မလုပ်ကြနဲ့
ပြေး HIV ပြေး

HIV ဆိုတာ
လက်လုပ်လက်စားမှသည် သမ္မတထိ
အိုစမာဘင်လာဒင်မှသည် ဂျော့ဘုခ်ျထိ
မည်သည့်လူမျိုး မည်သည့်အသားရောင်မဆို
လူတွေမှာ ဖြစ်တတ်တဲ့ရောဂါ
လူတွေမှာပဲ တာဝန်ရှိပြီး
လူတွေက ကာကွယ်စောင့်ရှောက်
ဒါ လူ့ကမ္ဘာ
ပြေး HIV ပြေး
ဆေးရုံမှာ ဂေဟာမှာ စာသင်ကျောင်းမှာ
မိဘတွေ မိဘမဲ့တွေ လူတွေဆိုတော့
လူတွေက မေတ္တာနဲ့ ကာကွယ်
မေတ္တာနဲ့ စောင့်ရှောက်
ပြီးတော့
အဲဒီ HIV ဆိုတဲ့မိဆ္ဆာကို
မေတ္တနဲ့ ရှင်း
မေတ္တာမြှားနဲ့ ခွင်း
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေး
HIV ပြေး

HIV . . . မသေမချင်း မင်းကို
တို့က
မေတ္တာနဲ့ဓား မေတ္တမြှားနဲ့ ရှင်းခွင်း
တို့ . . . . အောင်စေရမယ် နိုင်စေရမယ်
HIV . . . . ပြေးပြေးပြေးပြေးပြေး

HIV . . .
တို့ရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းထဲကို
ခိုးဝင်လာတဲ့ သေမင်းရယ်
မင်းလည်းတစ်နေ့ သေစေရမယ်
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေး
HIV ပြေး ။ ။

စောဝေ

Friday, June 8, 2007

နိုင်ဇော်ရဲ့ ဖျော်ဖြေ တင်ဆက်မှု




ကျွန်တော်က သီချင်းလဲ မဆိုတတ်ဘူး ကဗျာလဲ မရွတ်တတ်ဘူး ဒါကြောင့် ကျွန်တော်တတ်တဲ့ ဂီတာနဲ့ တီးပြသွားပါမယ်

ကလေးတစ်ယောက်နဲ့ ခြေလှမ်းများ



ဒီကဗျာကို မြင့်မိုးအောင် ကရေးဖွဲ့ပြီး
ရီဝေယံ ဆွိဝတ်ရည်သောင့်း  ဇေဇေ နှင့် အေးဝတ်ရည်သောင်း တို့ က ရွတ်ဆိုခဲ့ကြပါတယ်


ကလေးတစ်ယောက်နဲ့ ခြေလှမ်းများ

ကလေးတစ်ယောက် ငိုနေတယ်
ချိုင့်ခွက်များတဲ့ လမ်းပေါ်မှာ သူချော်လဲသွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
လွယ်အိတ်အပေါက်ထဲကနေ
သူ့ခဲတံလေးကျပျောက်သွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
ညစာချက်ကျွေးမယ့် သူ့အမေ
အိမ်ပြန်နောက်ကျလို့နေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခုတိမရပ်သေးတဲ့ မိုးသဲထဲမှာ
သူအဖျားနဲ့ချမ်းနေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခွေးတစ်ကောင်လိုက်လို့ ပြေးရင်းနဲ့
သူရောင်းနေတဲ့ ဖရဲသီးဗန်းကလေး
သဲတွေထဲကို ကျသွားတယ်

မင်းလဲကြားရတယ် ငါးလဲကြးရတယ်
ကလေးတစ်ယောက် ငိုနေတယ်
အနားမှာလဲကြားရတယ် အဝေးကလဲကြားရတယ်
ကလေးတစ်ယောက် ငိုနေတယ်

မငိုပါနဲ့တော့ ကလေးရယ်
နှစ်သိမ့်စကားလေးတစ်ခွန်း
တစ်ယောက်ကပြောလိုက်တယ်
မငိုပါနဲ့တော့ ကလေးရယ်
နွေးထွေးတဲ့လက်တစ်ဖက်
တစ်ယောက်ကကမ်းလိုက်တယ်

တစ်ယောက်က တွေးမိတယ်
အလင်းရောင်တွေ မဖြန့်ကျက်ခဲ့ဘဲ
ဘယ်ကြယ်စင်လေး တစ်ပွင့်မှ
ကမ္ဘာမြေကို စွန့်ခွာမသွားသင့်ဘူး

တစ်ယောက်က တွေးမိတယ်
မွှေးရနံ့တွေ မလွှင့်ထုတ်ခဲ့ဘဲ
ဘယ်ပန်းပွင့်လေးတစ်ပွင့်မှ
ကမ္ဘာမြေကို ချန်ရစ်မထားခဲ့ဘူး

တစ်ယောက်ပြောဖူးတယ်
အလင်းဆုံးကြယ်စင်တွေတောင်မှ
တိမ်ညိုတွေနောက်မှာ အကြာကြီး
လမ်းပျောက်မသွားအောင် ခရီးဆက်ရအောင်

တစ်ယောက်ကပြောဖူတယ်
အမွှေးဆုံးပန်းပွင့်တွေတောင်မှ
မုန်တိုင်းတွေကြားမှာ အကြာကြီး
ကြွေကျမသွားအောင် အားတင်းကြရအောင်

ကလေးရေ ခြေတစ်လှမ်းလောက်
ရှေ့ကိုလှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ နည်းနည်းတော့ပြောင်းသွားမှာ
ခြေတစ်လှမ်းလောက် နောက်ထပ်လှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ ပိုပြီးတော့ပြောင်းသွားမှာ

ခြေလှမ်းတွေအများကြီးရောက်တဲ့အခါ
ကမ္ဘာအသစ်တစ်ခု မင်းရှေ့ကိုရောက်လာမှာ
ကမ်းနေတဲ့လက်ကို ဖမ်းဆုပ်ကာ
ခြေတစ်လှမ်းလောက် လှမ်းလိုက်ပါ......

.......................

ကျွန်မတို့အားလုံးရဲ့ ဇာတ်လိုက်..... ကမ္ဘာကြီးရဲ့ အနာဂတ်..............မျိုးနွယ်စုတစ်စုရဲ့ အခြေခံ
ဒါတွေထဲကတချို့ ပျော်ရွှင်ရိပ်မြုံမှာ ရောက်နေကြတယ်။

ခေတ္တကံကောင်းခြင်းတွေနဲ့.............ကိုယ့်ကိုကိုယ် ဘာမှန်းမသိရှာတဲ့
အခြေခံအနာဂတ်လေးများရဲ့.............နားခိုရာရိပ်မြုံထဲမှာတော့
ကြည်နူးပျော်ရွှင်တဲ့ရယ်သံ.............၀မ်းနည်းတဲ့ ငိုကြွေးသံ
နာကျင်တဲ့ ညည်းညူသံ................
ဘာအသံပဲဖြစ်ပါစေ...................
ကြားရသူရင်မှာ နင့်ပေမဲ့
မျှော်လင့်ချက်လေးတစ်ခုတော့
ခပ်ရေးရေးဆုပ်ကိုင်ထားချင်တယ်။

ဆုပ်ကိုင်မိထားတဲ့ ...............ခပ်ရေးရေးမျှော်လင့်ချက်တွေနဲ့
ဆက်လက်ရှင်သန်စေခြင်းအတွေးကို
ပစ္စုပ္ပန်နဲ့ ပုံဖော်မယ်။

မေတ္တာတွေပေးကြပေမယ့်.............ကရုဏာတွေမျှဝေမယ်
ပစ်ပယ်တာတွေ အဝေးကိုဖယ်.......ညစ်ကျယ်တာတွေ သန့်ရှင်းမယ်
နောက်ပြီး..............ထပ်၍ ထပ်၍ ရှာဖွေမယ်............တိုးလို့တိုးလို့ စောင့်ရှောက်မယ်
ဇာတ်လိုက်လေးများ မာပါစေ
ပျော်ရွှင်ရိပ်မြုံ အဓွန့်ရှည်ပါစေ။

ဒေါက်တာ ဖြူဖြူဝင်း

ကလေးတစ်ဒါဇင်နဲ့တစ်ယောက်


ဒီကဗျာကို အောင်ဝေးက ရေးစပ်ခဲ့ပြီးတော့
အောင်ဝေးနဲ့ ရွန်းစိမ့်စိမ့် လမင်းဝေး တို့က ရွတ်ဆိုခဲ့တာပါ

HIV မိဘမဲ့ ဝေဒနာသည် ၁၃ ယောက်ကို စောင့်ရှောက်ထားတဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းက သုခရိပ်မြုံ ဂေဟာအတွက် မန္တလေးမှာ အလှုသွားခံစဉ်က ကျပ်သိန်းတစ်ရာကျော် ရရှိခဲ့ပါတယ်။ ဒါပေမယ့် မန္တလေးမှာ ကဗျာရွတ်ပွဲ ကျင်းပခွင့်မရခဲ့ပါဘူး။
ဒါကြောင့် ဆရာအောင်ဝေးက ဒီကဗျာလေးကို မန္တလေးကို အကြွေးဆပ်တဲ့ အနေနဲ့ ရွှတ်ဆို ခဲ့တာပါ

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
လူတွေက ဂလိုဘယ်တော့ ဆန်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး


အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
လူတွေက မုန့်လုံးတော့ စက္ကူကပ်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး


အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
လူတွေက ဂျင်ဆန်းမီနဲ့တော့ လမ်းလျှေက်ချင်တယ်
ကွန်ဒုံးတော့ မသုံးချင်ဘူး

* Rainbows are multi-coloured.
Our Performanace is no divided by colours,
but all white and pure.
That's why we call it " White Raibow "


အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
အဲဒီကလေးတွေဟာ
မိဘမေတ္တာ ငတ်နေတဲ့ ကလေးတွေပေါ့


အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
အဲဒီကလေးတွေဟာ
အကြင်နာ ဂရုနာ လိုအပ်နေတဲ့ ကလေးတွေပေါ့


အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
အဲဒီကလေးတွေဟာ
အပြစ်မဲ့တဲ့ ဓားစာခံလေးတွေပေါ့

* Rainbows are multi-coloured.
Our Performanace is no divided by colours,
but all white and pure.
That's why we call it " White Raibow "

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
ကမ္ဘာကြီးက လမ်းပြမြေပုံအတိုင်း သွားဖို့ပြောနေတယ်
ကလေးတွေခမျာ ပန်းတိုင်ပျောက်နေရပြီ

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
ကမ္ဘာကြီးက ဘော့လုံးပွဲကြည့်ပြီး ငြိမ့်နေတယ်
ကလေးတွေခဗျာ ချောက်အိမ်မက်ထဲ ကျနေရပြီ

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
ကမ္ဘာကြီးက AIDS တိုက်ဖျက်ရေး ဆွေးနွေးနေတယ်
ကလေးတွေခမျာ HIV ပိုးကူးစက်ခံနေရပြီ

* Rainbows are multi-coloured.
Our Performanace is no divided by colours,
but all white and pure.
That's why we call it " White Raibow "

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
သူတို့လေးတွေ အသက်ရှင်ရပ်တည်ဖို့
ကျွန်တော်တို့ရဲ့ အသက်ရှင်ခြင်းကို ဖဲ့ဝေပေးရမယ်

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
သူတို့လေးတွေ ပျော်ရွှင်ချမ်းမြေ့သွားဖို့
ကျွန်တော်တို့ရဲ့ ပျော်ရွှင်ခြင်းကို မျှဝေပေးရမယ်

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်
သူတိုလေးတွေအိပ်ရေးမပျက်စေဖို့
ကျွန်တော်တို့ရဲ့ ညတွေကို လုံခြုံပေးရမယ်

အို........ မန္တလေး
ကလေးတစ်ဒါဇင်နဲ့ တစ်ယောက်ရှိတယ်

စိမ်းကားစရာမလိုတော့ဘူး




ဒီကဗျာလေးက အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲမှာ အဖွင့်ကဗျာ အနေနဲ့ ရွတ်ဆိုသွားတဲ့ ကဗျာလေးပါ
ဇော်သက်ထွေး ရေးသားပြီ
ရီဝေရံ နဲ့ ချောအိအိသိန်းတို့ က ရွတ်ဆိုခဲ့ကြတာပါ


စိမ်းကားစရာမလိုတော့ဘူး

ကျွန်တော်တို့ စိမ်းကားစရာ မလိုတော့ဘူး
ကံကြမ္မာဆီက တရားသဖြင့်ကိုလုယူဖို့
အဖြူရောင် သက်တံဟာ ဆက်လက်ထွန်းခဲ့ပြီ

ကျွန်မတို့ စိမ်းကားစရာ မလိုတော့ဘူး
ငိုကြွေးတယ်ဆိုတာ လူသားတွေရဲ့ အရှုံးခံအလုပ်သက်သက်မဟုတ်ကြောင်း
သက်သေပြဖို့ အဖြူရောင်သက်တံကို ကောင်းကင်မှာ ချိတ်ဆွဲခဲ့ပြီ

လွန်ခဲ့တဲ့ ရက်ပေါင်း ၄၀၀ က သက်တံဟာ ပြောခဲ့တယ်
လူတို့ ကြယ်တို့ ကလေးတို့ လင်းလက်ဖို့
မေတ္တာရောင်ပြန် လိုတဲ့အကြောင်း

လွန်ခဲ့တဲ့ ရက်ပေါင်း ၄၀၀ က သက်တံဟာ ပြောခဲ့တယ်
ဘ၀ဟာ ကိုယ့်အတ္တအတွက် သက်သက်
ချစ်ဖို့ မဟုတ်တဲ့ အကြောင်း

လွန်ခဲ့တဲ့ ရက်ပေါင်း ၄၀၀ က သက်တံဟာ ပြောခဲ့တယ်
လူဟာ ကောင်းတယ်ဆိုတဲ့ အမြင် မှန်ကန်ကြောင်း

လွန်ခဲ့တဲ့ ရက်ပေါင်း ၄၀၀ က သက်တံဟာ ပြောခဲ့တယ်
စနစ်တကျ စီထားတဲ့ ၀ါကျတွေထက်
နွေးထွေးတဲ့ လက်ဖ၀ါးတစ်စုံ လိုအပ်တဲ့အကြောင်း

လောကမှာ ဘယ်ပုံဘယ်နည်း နေထိုင်ပါလို့
မာသာထရီ က မှာမသွားဘူး
ဘယ်လို ပေးဆပ်ရမယ် ဆိုတာပဲ ပြသသွားခဲ့တယ်

လူတွေကို ဘယ်လိုရက်ရက်စက်စက် မုန်းတီးရမယ်လို့
မဲလ်ကွန်အိတ်စ် က လှုံ့ဆော်မသွားဘူး
ဘယ်လိုချစ်ရမယ် ဆိုတာပဲ သင်ကြားခဲ့တယ်

ဒီလိုနဲ့ ခံနိုင်သမျှ ၀န်ကို သယ်ပိုးရင်း
သက်တံ တစ်စင်းရဲ့ ရေးထွင်းခြင်းခံရသူတွေဟာ
နတ်ဝင်ပူးသလို
စာနာမှုတွေနဲ့ ရူးခဲ့တယ်

ဒီလိုနဲ့ မေသက်နွယ်ကို ဒုက္ခတောထဲက ဆွဲထုတ်နိုင်ခဲ့ပြီ

ဒီလိုနဲ့ မြနဒီလည်း ရယ်စရာမောစရာတွေ ပြောနိုင်ခဲ့ပြီ

ဒါဟာ
လောကရဲ့ နှလုံးသားကို ပွင့်ဝေစေတဲ့ ဂီတတစ်ခု

ဒါဟာ
လူ့ဖြစ်အင်ကို ပြန်သတိရစေတဲ့ စေ့ဆော်မှုတစ်ခု

ဒါဟာ
လောကကို ချစ်ဖို့ အခွင့်ရေးတစ်ခု

ဒါဟာ
လူ့အဖွဲ့စည်းရဲ့ ထွန်းကားတဲ့ ယဉ်ကျေးမှုတစ်ခု

အမျိုးကောင်းသမီးတို့ ပခက်လွဲသောလက်တို့
သောကတွေ ကြောက်ရွံ့ခြင်းတွေ စွန့်ပစ်ပြီ
သက်တံ့ပေါ်မှာ လျှောက်ခဲ့ကြ
ကျွန်မတို့ စိမ်းကားစရာ မလိုတော့ဘူး

အမျိုးကောင်းသားတို့ လူကြီးလူကောင်းတို့
မာန်တွေကို ပစ်ချပြီး
သက်တံတတားပေါ် လှမ်းခဲ့ကြ
ကျွန်တော်တို့ စိမ်းကားစရာ မလိုတော့ဘူး

မေတ္တာတရားကို ရင်ဘတ်နဲ့ ထွန်ယက်စိုက်ပျိုးဖို့
လာသွားစို့

အပြစ်မဲ့ ရင်ခွင်တွေဆီ အကြင်နာ မျိုးစေ့ကြဲဖို့
လာသွားစို့

ဘ၀ဆိုတာ ဓါးတစ်လက်ရဲ့ အရောင်လို
ဖျတ်ကနဲ လက်ပြီးကွယ်ပျောက်သွားရင်တောင်
ဘယ်နေပူပူ ဘယ်မိုးရွာရွာ လာသွားစို့

ကျွန်တော်တို့ စိမ်းကားစရာမလိုတော့ဘူး

ကျွန်မတို့ စိမ်းကားစရာ မလိုတော့ဘူး

Wednesday, June 6, 2007

အဖြူရောင် သက်တံ ဆိုတာဘာလဲ

အဖြူရောင်သက်တံ အဖွဲ့ဆိုတာ မိဘမဲ့ကလေးတွေအတွက် ရံပုံငွေရှာပေးနေတဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ လေးဖြစ် ပါတယ်။ လက်ရှိမှာ အဖွဲ့ဝင် ခြောက်ဆယ်ကျော်နဲ့ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

ဘယ်နေရာတွေကို လှုဒါန်းနေသလဲ
အဖြူရောင် သက်တံရဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ဒဂုံမြို့သစ်မြောက်ပိုင်း တပင်ရွှေထီးလမ်းက HIV ပိုးကူးစက်ခံ မိဘမဲ့ ကလေးတွေရဲ့ သုခရိပ်မြုံဂေဟာ၊ လှည်းကူးမြို့က VCC တိုင်းရင်းသား ကလေးငယ်များ ပရဟိတ ဂေဟာ၊ ဗဟန်းမိဘမဲ့ ကလေး ဂေဟာ တွေကို စုစုပေါင်း ကျပ်သိန်းသုံးရာကျော် နဲ့ မီးစက်၊ တီဗီ၊ အ၀တ်အထည်၊ စာအုပ်၊ ဆေးဝါး၊ တွေကို လှုဒါန်းပြီး ဖြစ်ပါတယ်။

ဘယ်လိုလှုဒါန်းလို့ရသလဲ
အဖြူရောင်သက်တံ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ကဗျာဆရာ စောဝေ ( ဖုန်း 09 5000 346 )၊ စာရေးဆရာ ဇော်သက်ထွေး ( ဖုန်း 09 51 21675 )၊ စာရေးဆရာ မာဂျေ ( ဖုန်း 09 51 54591) ကိုဆက်သွယ်လှုဒါန်း နိုင်ပါတယ်။

ဘာတွေလှုဒါန်းလို့ရသလဲ
ကလေးတွေအတွက် အစားအသောက်၊ ဆေးဝါး၊ အ၀တ်အထည်၊ စာရေးကိရိယာ ကစပြီး ကိုယ်လှုဒါန်းချင်တာကို အဲဒီဂေဟာတွေမှာ ကိုယ်တိုင်သွားရောက် လှုဒါန်းချင်ရင်လဲ စီစဉ်ပေးပါတယ်။

ကဗျာရွတ်နေစဉ်

အဖြူရောင် သက်တံ


အဖြူရောင် သက်တံ ကဗျာရွတ်ဆိုပွဲ ( White Rainbow Poetry Performace ) ကို ဇွန်လ ၆ ရက်နေ့ နေ့လယ် တစ်နာရီခွဲ အချိန်မှာ ဆရာစံလမ်းရှိ Mr.Guitar Cafe တွင်ကျင်းပခဲ့ပါတယ်။
ဒီကဗျာရွတ်ပွဲ ရဲ့ ရည်ရွယ်ချက်ကတော့ HIV ကူးစက်ခံ မိဘမဲ့ ကလေးသူငယ်များ နှင့် တိုင်းရင်းသား ကလေးငယ်များ ပရဟိတ ဂေဟာသို့ ရန်ပုံငွေ ပွဲတော်အဖြစ် ကျင်းပခဲ့ ခြင်းဖြစ်ပါတယ်။

ဒီကဗျာရွတ်ပွဲမှာ

Celebrities

လွင်မိုး၊ မင်းမော်ကွန်း၊ ရီဝေယံ၊ မိုးမိုး၊ Lလွန်းဝါ၊ ရဲလေး၊ မောင်မောင်အေး၊ ဇေဇေ၊ ဟန်ထူးလွင်၊ မောင်မောင်ဇောတ်လတ် နှင့် ရောင်းရင်းများ၊ ရသ၊ ငယ်ငယ်၊ ပုလဲဝင်း၊ သင်ဇာဝင့်ကျော်၊ အိရူပါဝင်း၊ ငွေစင်သွန်း၊ ၀ိုင်းစုခိုင်သိန်း၊ နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်း၊ ချစ်ဆုဝေ၊ ချစ်သုဝေ၊ ရတနာမိုင်၊ ဇင်းဇင်၊ ဇင်မင်းခိုင်၊ မေကြည်နှုး ကလည်းကောင်း

P0ets & Others

မအိ၊ မိုဃ်းဇော်၊ စန်းဦး၊ မင်းထက်မောင်၊ ဇော်ခိုင်ဦး၊ ဒေါက်တာဖြူဖြူဝင်း၊ စိုးသော်တာ၊ အိန္ဒြာ၊ လွပ်လပ်အိမ် တို့က ကဗျာများကို ရွတ်ဆိုခဲ့ ကြပါတယ်။ သူတို့က ကိုယ်ပိုင်ကဗျာ တွေကို ရွတ်ဆိုသလို၊ ထူးအိမ်သင် အပါဝင် ကွယ်လွန်သူ ကဗျာဆရာများရဲ့ ကဗျာများ မဂ္ဂဇင်းများမှာ ဖော်ပြထားတဲ့ ကဗျာများ ကိုရွတ်ဆိုခဲ့ကြပါတယ်။

နောက်ခံတီးလုံးကို လီယိုနာ့ဒ်မောင်မောင်လွင် နိုင်ဇော်(Lazy Club) ချမ်းဟိန်းကြွယ်(တယော) အောင်မြတ်သာ(B.P.M) တို့က တီးခတ်ပေးခဲ့ကြပါတယ် ။

ဒီဘလော့ဂ်လေး ဖြစ်မြောက်အောင် စိုးဇေယျ ကဖန်တည်းခဲ့ ပြီး တင်းပလိတ် ကုဒ်တင်များကို ကိုဝေယံလင်း ထည့်သွင်းပေးခြင်း ဖြစ်သည်